အင်္ဂလိပ်စာပေ
အင်္ဂလိပ်စာပေ (အင်္ဂလိပ်: English Literature) ဆိုသည်မှာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ရေးသားသော စာများဖြစ်သည်။ အင်္ဂလန်နိုင်ငံမှသာမက စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စု အပါအဝင် ယခင်ဗြိတိသျှအင်ပါယာအဖွဲ့ဝင်နိုင်ငံများ၊ အခြားဗြိတိသျှလက်အောက်ခံနိုင်ငံများမှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာများအားလုံးပါဝင်သည်။
အင်္ဂလိပ်ဘာသာစကားဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၁,၄၀၀ ကျော်ရှိပြီဖြစ်၏ ။[၁] အန်ဂလို-ဖရှီးရှန် (Anglo-Frisian)[မှတ်စု ၁] ဒေသယိစကားများမှ အခွဲဖြစ်သော အစောဆုံး အင်္ဂလိပ်ဘာသာစကားပုံစံများကို ဂရိတ်ဗြိတိန်ကျွန်းဆီသို့ အန်ဂလို-ဆက်ဆန် ကျူးကျော်သူများက အေဒီ ငါးရာစုတွင် ယူဆောင်လာခဲ့ကြသည်။ ဤပုံစံကိုပင် ရှေးဟောင်းအင်္ဂလိပ်စာ (Old English) ဟူ၍ ခေါ်ဆိုကြသည်။ ဘေးယာဝုဖ် (Beowulf) စာပေသည် ရှေးဟောင်းအင်္ဂလိပ်စာဖြင့်ရေးသားထားသမျှ၌ အကျော်ကြားဆုံး လက်ရာတစ်ခုဖြစ်ပြီး ကဗျာကို စကန်ဒီနေးဗီးယား၌ အခြေတည်၍ ဖွဲ့ဆိုသီကုံးထားသော်လည်း အင်္ဂလန်နိုင်ငံတွင် အမျိုးသားအဆင့် မော်ကွန်းဝင်သော ကဗျာလင်္ကာရှည်တစ်ခုလည်းဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလန်ကို နော်မန်လူမျိုးများ ၁၀၆၆ ၌ သိမ်းပိုက်ခဲ့ပြီးနောက် အန်ဂလို-ဆက်ဆန် ဘာသာစကား၏ အရေးအသားသည် လျော့နည်းလာခဲ့၏ ။ ထို၌ အသစ်ဖြစ်လာသော အထက်တန်းလွှာတို့၏ လွှမ်းမိုးမှုများကြောင့် ပြင်သစ်ဘာသာစကား သည် ရုံးကနား၊ လွှတ်တော်နှင့် ယဉ်ကျေးသောလူမှုအဖွဲ့အစည်းတို့၏ စံစကားဖြစ်လာခဲ့လေသည်။[၃] နော်မန်များရောက်လာပြီးနောက် ဖြစ်ပေါ်ခဲ့သော အင်္ဂလိပ်ဘာသာစကားကို အလယ်ခေတ်အင်္ဂလိပ်ဘာသာစကား (Middle English) ဟူ၍ ခေါ်ဆိုသည်။
ဤအလယ်ခေတ်ပုံစံဖြင့် ၁၄၇၀ နှစ်များအထိ တည်တံ့ခဲ့သည်။ အထက်တန်းရုံးကနားစံနှုန်း (အလယ်ခေတ်နှောင်းအင်္ဂလိပ်ဘာသာစကား) သည် လန်ဒန်မြို့ကို အခြေပြု၍ ဖြစ်ပေါ်လာသော အင်္ဂလိပ်စာဖြစ်ကာ နေရာအနှံ့သို့ ပျံ့နှံ့ခဲ့သည်။ ၁၃၅၃-၁၄၀၀ ခန့်က စာရေးဆရာ ဂျက်ဖရီ ချော်စာ သည် အင်္ဂလန်၌ ပြင်သစ်၊ လက်တင်စာများ သိသိသာသာလွှမ်းမိုးနေစဉ်ကာလများ၌ ဒေသသုံး အလယ်ခေတ်အင်္ဂလိပ်စာကို တရားဝင် ဖြစ်ပေါ်တိုးတက်စေခဲ့သော အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်၏ ။ ပုံနှိပ်စက်များကို ယိုဟားနက်စ် ဂူတန်ဘာ့ဂ် (Johannes Gutenberg) က ၁၄၃၉ တွင် တီထွင်ဖန်တီးနိုင်ခဲ့ခြင်းက အလယ်ခေတ်အင်္ဂလိပ်စာကို စံစနစ်ဖြစ်စေရန် ကူညီထောက်ပံ့မှုဖြစ်စေခဲ့၏ ။ အခြားသော အထောက်အပံ့နှစ်ခုမှာ ဂျိမ်းစ်ဘုရင် (James VI and I ) က ခရစ်ယာန်သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုစေခဲ့ခြင်း (၁၆၁၁) နှင့်[၄] အင်္ဂလိပ်စကားသံမှ သရသံ ကြီးမားစွာပြောင်းလဲခြင်း အရွေ့တစ်ခုတို့ ဖြစ်ကြသည်။[၅]
ကဗျာဆရာ၊ ပြဇာတ်ဆရာ ဝီလျံ ရှိတ်စပီးယားကို အင်္ဂလိပ်ဘာသာစကားတွင် အကြီးကျယ်ဆုံး စာရေးဆရာဟူ၍ ကျယ်ပြန့်စွာ လက်ခံထားကာ ကမ္ဘာ့ပြဇာတ်လောကတွင်လည်း ကဝိတစ်ဆူအဖြစ် အသိအမှတ်ပြုကြသည်။[၆][၇][၈] ၎င်း၏ ပြဇာတ်များသည် လက်ရှိ ရှင်သန်နေသော အဓိကဘာသာစကားများအားလုံးသို့ ဘာသာပြန်ဆိုခြင်းခံရကာ အခြားပြဇာတ်ဆရာများအားလုံးထက်ပင် ရှိတ်စပီးယားပြဇာတ်များကို ဖြေဖျော်တင်ဆင်မှု ပို၍များပြားပေသည်။[၉] ၁၉ ရာစု၌ ဆာ ဝေါလ်တာ စကော့၏ သမိုင်းနောက်ခံ ဝတ္ထုများသည် ဥရောပတစ်ခွင်ရှိ ပန်းချီဆရာ၊ ဂီတစာဆို၊ စာရေးသူများအပေါ် စိတ်စေစားလှုံ့ဆော်နိုင်ခဲ့သည်။[၁၀]
၁၆ ရာစုနှောင်းပိုင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ဗြိတိသျှအင်ပါယာ ပေါ်ထွန်းလာမှုနှင့်အတူ အင်္ဂလိပ်ဘာသာစကားသည်လည်း ကမ္ဘာအနှံ့သို့ ဖြန့်ကြက်ပျံ့နှံ့ရောက်ရှိသွားခဲ့ရာ ၎င်းတို့အထွန်းတောက်ဆုံးအချိန်တွင် အကြီးမားဆုံး နေမဝင်အင်ပါယာတစ်ခုဖြစ်လာခဲ့သည်။[၁၁] ၁၉၁၃ ခန့်တွင် ဗြိတိသျှအင်ပါယာသည် လူသန်းပေါင်း (၁၄၂) သန်းခန့်ကို အုပ်စိုးထားနိုင်ခဲ့၍ ယင်းအချိန်၌ ကမ္ဘာ့လူဦးရေ၏ ၂၃% ရှိသည်။[၁၂] ၁၉-၂၀ ရာစုအတောအတွင်းဗြိတိသျှကိုလိုနီများနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဝိသေသဟန်ပါသော စာပေများကို အင်္ဂလိပ်ဘာသာဖြင့် စတင် ရေးဖွဲ့ ဖြန့်ချိခဲ့ကြလေသည်။ လွန်ခဲ့သော နှစ်ရာကျော်ကာလအတွင်း ဂရိတ်ဗြိတိန်၊ အိုင်ယာလန်နှင့် အမေရိကန်နှင့် ယခင်ကိုလိုနီဒေသနိုင်ငံများက မြောက်မြားစွာသော စာရေးဆရာများသည် အခြားသော ဘာသာစကားများထက် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားဖွဲ့နွဲ့သော လက်ရာများဖြင့် နိုဘဲလ်ဆုများကို ရရှိနိုင်ခဲ့ကြပြီဖြစ်သည်။
မှတ်စု
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ How the English Language has evolved through history။ Manchester University။
- ↑ Oxford English Dictionary
- ↑ Baugh, Albert and Cable, Thomas. 2002. The History of the English Language. Upper Saddle River, New Jersey: Prentice Hall. pp. 79–81.
- ↑ "And now at last, ... it being brought unto such a conclusion, as that we have great hope that the Church of England (sic) shall reape good fruit thereby ..." Bible (King James Version, 1611)/Epistle Dedicatorie
- ↑ "How English evolved into a global language"၊ BBC News၊ BBC၊ 20 December 2010။
- ↑ Greenblatt 2005, p. 11.
- ↑ Bevington 2002, pp. 1–3.
- ↑ Wells 1997, p. 399.
- ↑ Craig 2003, p. 3.
- ↑ The Oxford Companion to English Literature, p. 890.
- ↑ Ferguson 2004b.
- ↑ Maddison 2001, p. 97: "The total population of the Empire was 412 million [in 1913]"; Maddison 2001, pp. 241: "[World population in 1913 (in thousands):] 1 791 020".
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |